ကြည့်မြင်တိုင် နိုဝင်ဘာ ၁၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် တို့ ကြီးမှူး၍ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များအား ပြည်သူများအလွယ်တကူ ဝယ်ယူရရှိနိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းက ရပ်ကွက်များအတွင်းသို့ကားများဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် မြို့နယ်အတွင်း ပန်းလှိုင်အိမ်ယာဝင်း အိုးဘိုရပ်ကွက်၊ ဗိုလ်သူရလမ်း (၃)နေရာခွဲ၍ လှည့်လည်ရောင်းချရာ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့်သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး များမှ ကြီးကျပ်၍ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါစျေးရောင်းချမှုအား မြို့နယ်အတွင်းရှိလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စည်ပင်(စီမံ) ဌာနခွဲမှူး ဦးသန်းဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ဝင်းတို့မှ ကြည့်ရှု့အားပေးပြီး ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ သား၊ ငါးနှင့် မီးဖိုချောင်သုံးစားသောက်ကုန်များကိုရပ်ကွက်များ အရောက် Mobile Market စျေးရောင်းယာဥ် များဖြင့် လှည့်လည်ရောင်းချပေးမှုအား အလှည့်ကျဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခိုင်ဇာလင်း(ပြန်/ဆက်)