သန်လျင်မြို့နယ်မှပြည်သူများအတွက် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိ

သန်လျင်  နိုဝင်ဘာ  ၁၇

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများက ကိုဗစ်ကာလသန်လျင်မြို့နယ်မှ ပြည်သူများအား အခြေခံ စားသောက် ကုန်များ ဖြစ်သည့်ဆန်၊ဆီ၊သားငါး၊ကုန်စိမ်းများကို ယနေ့နံနက် ၇နာရီမှစ၍ သန်လျင်မြို့ အုပ်ဖိုစု ရပ်ကွက် သိပ္ပံလမ်းမကြီး ၌ ရောင်းချပေးလျှက်ရှိသည်။

အဆိုပါဈေးကားများ လာရောက်ရောင်းချရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ  ရောင်းချ ဝယ်ယူနိုင်ရေးအတွက် သန်လျင်မြို့နယ်ကိုဗစ်-၁၉ကြိုတင် ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဌမြို့နယ် အုပ်ချုပ်ရေးမှုး ဦးအောင်ကိုထွန်းနှင့် ကော်မတီဝင်များ၊ မြို့နယ် စည်ပင်သာယာ ရေးကော်မတီ ဥက္ကဌဦးရဲမြင့်နှင့် ကော်မတီဝင်များ၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့ အမှုဆောင်အရာရှိဦးသိုက်စိုးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများကကူညီဆောင်ရွက်ပေးကြသည်။

သန်လျင်မြို့အုပ်ဖိုစုရပ်ကွက်နေ ဈေးဝယ်လာသူ ဒေါ်သီတာအေးက ယခုကဲ့သို့ဈေးကားများ လာရောက် ရောင်းချပေးခြင်းအတွက်  ကြိုဆိုပါ ကြောင်း လိုအပ်သည့် မီးဖိုချောင်သုံးပစ္စည်းများ သန့်ရှင်းလတ်ဆတ်စွာ၊ ဈေးနှုန်းသက်သာစွာ ဝယ်ယူခွင့်ရရှိသည့်အတွက် စီစဉ်ပေးသော အဖွဲ့များအား ကျေးဇူးတင်ရှိပါကြောင်း၊ နောက်ရက် များတွင်လည်း ယခုကဲ့သို့လာရောက် ရောင်းချပေးစေချင်ကြောင်းဖြင့် ပြောကြားသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများက အခြေခံစားသောက်ကုန်များကို သန်လျင်မြို့သို့ လာရောက် ရောင်းချခြင်းမှာ ဒုတိယ အကြိမ်ဖြစ်ကြောင်းသိရသည်။

သန်းဝင်း(သန်လျင်)