ဂန့်ဂေါ နိုဝင်ဘာ ၁၇
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံပြင်ပတာဝန်ထမ်းဆောင် သည့် မဲရုံတစ်ရုံလျှင် ပညာရေး/ကျန်းမာရေးနှင့် ထွေ/အုပ်ဌာနတို့မှ တာဝန်ပေးအပ်သူ (၃) ဦး အတွက် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျွေးမွေး စရိတ်ပေးအပ်သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ “ ဂန့်ဂေါမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ ၇၇ အုပ်စုမှ မဲရုံ (၁၈၃) ရုံတွင် မဲရုံပြင်ပ တာဝန်ထမ်းဆောင်ခဲ့သူများကို ကျွေးမွေးစရိတ် ထောက်ပံ့ ပေးအပ်တာပါ၊ မိမိတာဝန်ကျတဲ့ မဲရုံတွေမှာ အပူချိန်တိုင်းတာခြင်း၊ Mask ဝေခြင်းနဲ့ မဲဆန္ဒရှင် ပြည်သူများကို ၆ ပေခြား၍ တန်းစီစေခြင်းစတဲ့ တာဝန်တွေကို ဆောင်ရွက်ပေးကြတဲ့သူတွေပါ၊ ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာ ၈ ရက်နေ့အတွက် နေ့တွက်စရိတ် တစ်ဦးလျှင်(၆၀၀၀) ကျပ်နှုန်းဖြင့် ကျွေးမွေးစရိတ်ထောက်ပံ့ ပေးခြင်းဖြစ်ပါတယ်” ဟု မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဆုရည်ဖြိုးက ပြောသည်။
ထို့သို့ပေးအပ်ရာ၌ ဂန့်ဂေါမြို့နယ်အတွင်းတွင် ရပ်ကွက်/ ကျေးရွာအုပ်စု (၇၇) အုပ်စုမှ မဲရုံပေါင်း (၁၈၃) ရုံ၌ မဲရုံပြင်ပတာဝန်ထမ်းဆောင်ခဲ့သူ (၅၄၉) ဦးအတွက် စုစုပေါင်း (၃၂၉၄၀၀၀) ကျပ် ထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)