မိုးစပါးစိုက်ခင်းများ ဖျက်ပိုးကျရောက်မှုမရှိစေရေးနှင့် ကာကွယ်ရေးနည်းလမ်းများ ကွင်းဆင်းပညာပေးဆောင်ရွက်

မြင်းမူ နိုဝင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာများတွင်စိုက်ပျိုးထားရှိ သည့် မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ယင်းစပါး ခင်းများအတွင်း  သီးနှံဖျက်ပိုး များကျရောက်မှု မရှိစေရေး ကြိုတင်ကာကွယ်ရေးနည်းပညာပေး လုပ်ငန်းများကို   မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

စပါးဖျက်ပိုးကျရောက်မှုမရှိရေး   ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပါတ်သက်၍ တောင်သူ များသိရှိလိုက်နာဆောင်ရွက်ရန် ဖြုတ်ပိုးကျရောက်မှုနှင့်ပါတ်သက်၍ မိမိ စပါးခင်းအတွင်း ကြိုတင်ကင်း ထောက်မှတ်တမ်းရယူခြင်းဆောင်ရွက်ခြင်း၊ ပေါင်းမြက်များမပြတ်ရှင်းလင်းကာ ပိုတက်မြေဩဇာအသုံးပြုရန်နှင့် မိမိစိုက်ခင်းအတွင်း ပိုးမွှားကျရောက်မှုစတင်တွေ့ရှိပါက  ယူရီးယာမြေဩဇာအသုံးမပြုရန်နှင့် စပါးခင်းအတွင်းမှရေများကို  ပြောင်းစင်စွာထုတ်ပစ်ပြီး စပါးပင်များခံနိုင်ရည်ရှိစေရေးအတွက်  ပိုတက်နှင့် ကျောက်မှုန့်များကို သတ်မှတ်အချိုးအစား အတိုင်း ကြဲပက်ရန်၊ မိမိစပါးပင်များအတွက် အကျိုးပြုသည့် မိတ်ဆွေပိုးများ သေဆုံးပျက်စီးမှု မရှိစေရေးအတွက် လိုအပ်ချက်မရှိပါက     ပိုးသတ်ဆေးမသုံးစွဲရေးနှင့် မိမိစိုက်ခင်းအတွင်းမှ စပါးရုံတစ်ရုံတွင် ဖျက်ပိုး (၁၀) ကောင်အထက် တွေ့ရှိပါက တရားဝင်သတ်မှတ်ထားသည့် ပင်လုံးပြန့် ပိုးသတ်ဆေးကို  အညွှန်းပါအတိုင်းအသုံးပြုရေးတို့နှင့် ပတ်သက်၍   မိမိတို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားချက်၊ မြို့နယ်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုများနှင့်အတူ   ဝန်ထမ်းများက စပါးစိုက်ခင်းများ အရောက် ယခုကဲ့သို့ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း   လက်ထောက်ဦးစီးမှူး ဒေါ်သဲသဲအောင်ထံမှ သိရရှိရသည်။

မြင်းမူမြို့နယ်တွင် ယခုနှစ်မိုးရာသီအတွက် မိုးစပါးဧက (၁၁၄၂၂) ကို စိုက်ပျိုးထားရှိရာ အောင် မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

အောင်စိုးဖေ (မြင်းမူ)