ကွမ်းခြံကုန်း နိုဝင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ပိုင်းခရိုင် ၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် အသိပညာပေးနှိုးဆော်ခြင်း ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသော စည်းကမ်းချက်များအား အလေးထားလိုက်နာခြင်းရှိစေရန် အပြင်ထွက်တိုင်း နှာခေါင်းစည်း(mask) တပ်ဆင်သွားလာခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင် ကာကွယ်နိုင်ကြစေရန် မြို့နယ်စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ လူအများသွားလာနေသော နေရာများ ဖြစ်သည့် မြို့မဈေးကြီး အတွင်းနှင့် မြို့လယ်ဗိုလ်ချုပ် လမ်းမကြီးပေါ်တွင် ယမန်နေ့မနက် (၉) နာရီက စ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဆောင်ရွက်မှုကို စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များဖြစ်သည့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ ၊ စည်ပင်သာယာ အဖွဲ့ဝင်များ ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့မဈေးကြီးအတွင်း ဈေးရောင်းချသူ ဈေးဝယ်သူများအား နှာခေါင်းစည်း(mask) တပ်ဆင်ကြရန် ၊ လူစုလူဝေး ရှောင်ရှားရန် ၊ လက်ကို မကြာခဏ ဆပ်ပြာ(သို့မဟုတ်) လက်သန့်ဆေးရည် အသုံးပြု၍ သန့်ရှင်းအောင် ဆေးကြောရန် ကိုဗစ်-၁၉ ရောဂါကူးစက်မြန်ကာလ ဖြစ်သဖြင့် တတ်နိုင်သမျှ မိမိအိမ်တွင်သာ နေထိုင်ရန် တို့ကို အသိပညာပေး နှိုးဆော်ခြင်း ၊ နှာခေါင်းစည်း (mask) တပ်ဆင်ခြင်း မရှိသူများအား ဒဏ်ငွေ(၂၀၀) ကျပ် ပေးဆောင်စေပြီး (mask)တစ်ခုပေး၍ ချက်ချင်း တပ်ဆင်စေခဲ့ကြောင်း သိရသည်။ အလားတူ မြို့လယ် ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင်လည်း အသိပညာပေး နှိုးဆော်ခြင်းနှင့် စည်းကမ်းမလိုက်နာသူများအား ဒဏ်ငွေ ပေးဆောင်စေခြင်းဖြင့် အလေးထား လိုက်နာလာစေရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)