ပေါက်ခေါင်း ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ အ.ထ.က (ပေါက်ခေါင်း) ရွှေရတုခန်းမနှင့် ကျောင်းစာကြည့်တိုက်တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲများကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
(၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးညွှန့်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဆရာဦးရဲနိုင်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများနှင့် ဆရာဦးအောင်မျိုးဇင်မှ အာဇာနည်နေ့အတွေးအမြင်များအကြောင်းကို အသိပညာပေးပြောကြားခဲ့သည်။
ဆက်လက်၍ပြိုင်ပွဲများကိုကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြပြီး အထက်တန်း အဆင့်စာစီစာကုံးပြိုင်ပွဲတွင် အာဇာနည်မြတ်မမေ့အပ်ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၉) ဦး၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးခေါင်းစဉ်ဖြင့် (၂၃) ဦး၊ ၁၉ ဇူလိုင်မမေ့နိုင်ခေါင်းစဉ်ဖြင့် မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ (၃) ဦးနှင့် ကဗျာပြိုင်ပွဲများတွင် ဇူလိုင်အဓိဋ္ဌာန်ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂) ဦး၊ မေ့မရပြီအာဇာနည်ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၂) ဦး၊ အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲတွင် စည်းလုံးခြင်းသည်အင်အားခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၂၂) ဦး ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)