ဝေါမြို့နယ်၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ဓာတ်ပုံ စာစောင်များပြသပွဲကျင်းပ

ဝေါ ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်များ နိုင်ငံ့အနာဂတ် လူ့စွမ်းအားအရင်းအမြစ်ပြုစုပျိုးထောင်မှုများ အရှိန်အဟုန်မြင့်မားလာစေရန်၊ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်ဓလေ့၊ စာကြည့်တိုက်များသို့ ဝင်ထွက်သွားလာသည့် အလေ့အကျင့်များ ဖြစ်လာစေရန်၊ စာဖတ်ခြင်းကို တန်ဖိုးထားကာ ဉာဏ်ပညာအတွေးအခေါ်မြင့်မားရေး ဗဟုသုတပြည်စုံ ကြွယ်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုသူများဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ဓာတ်ပုံ စာစောင်ပြပွဲကို ယနေ့နေ့လယ်ပိုင်းက အခြေခံပညာအလယ်တန်းကျောင်း (ကပင်) တွင် ကျင်းပခဲ့​သည်။

ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ရည်မွန်စိုးက အဖွင့်မှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့် ပြည့်စုံရေး အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနက အသိပညာပေး ပြသထားသည့် လူငယ်အသိပညာပေး နံရံကပ် ဓာတ်ပုံ၊ စာစောင်များအား တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားရကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)