သထုံ နိုဝင်ဘာ ၁၇
မွန်ပြည်နယ်၊ သထုံမြို့၊ လေယာဉ်ကွင်းဟောင်းအတွင်းရှိ ယာယီပျံကျဈေး၊ သုဝဏ္ဏဈေးနှင့် မြို့မဈေးတို့တွင် ဈေးရောင်ချသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချခြင်းရှိမရှိကို ယနေ့ နံနက်က တာဝန်ရှိသူများက အရှိန်အဟုန်မြှင့် ပူးပေါင်းစစ်ဆေးခဲ့ကြသည်။
ဈေးများအတွင်း ရောင်းချနေမှုများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးနှင့် စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ ဈေးတာဝန်ရှိသူများ ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် Social Distancing အရ စနစ်တကျ ရောင်းချခြင်း၊ Mask တပ်ဆင်ခြင်း စသည့် ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုများနှင့်အညီ ရောင်းချနေခြင်း ရှိမရှိကို လိုက်လံ စစ်ဆေးပြီး လိုအပ်နေသူတို့အား Mask များဝေငှပေးကာ အသိပညာပေးခြင်းများကို ဆောင်ရွက် ခဲ့ကြသည်။
သထုံမြို့ရှိ သုဝဏ္ဏစျေးနှင့်မြို့မစျေးတို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် လူစုလူဝေး မဖြစ်စေရန် သား၊ ငါးနှင့် ဟင်းသီးဟင်းရွက်စသည့် အခြေခံ စားသောက်ကုန်များကို လိပ်အင်းရပ်ကွက်ရှိ လေယာဉ်ကွင်းဟောင်းအတွင်း၌ ယာယီပျံကျဈေးအဖြစ် ပြောင်းရွှေ့ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်ညီ Social Distancing ဖြင့် ဆိုင်ခန်းပေါင်း ၃၈၀ ခန့်အား နေရာသတ်မှတ် ရောင်းချခွင့်ပေးထားပြီး စစ်ဆေးကြပ်မတ်မှုများ ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်ဦး(သထုံ)