ချောင်းဆုံမြို့နယ်တွင် Mobile TB Team တီဘီရောဂါ ကွင်းဆင်းရှာဖွေကုသပေးခြင်း ဆောင်ရွက်

ချောင်းဆုံ  နိုဝင်ဘာ   ၁၇

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် တီဘီရောဂါကင်းဝေးပပျောက်စေရေး လူတိုင်းသက်တမ်းစေ့ နေထိုင် စေရေးအတွက် ရည်ရွယ်ပြီး မွန်ပြည်နယ် တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာထွန်းဦး ဦးဆောင်သော အဖွဲ့သည် ယမန်နေ့ နံနက် (၉)နာရီအချိန်က စတင်ပြီး မုဒွန်းကျေးရွာ ခန်းမ၌ Mobile TB Team တီဘီရောဂါကွင်းဆင်းရှာဖွေကုသပေးခြင်းလုပ်ငန်းကို ကျေးလက်ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

တီဘီရောဂါ ရှာဖွေကုသခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် လူစုလူဝေးမဖြစ်စေရေး အချိန်ခွဲပြီး (ကိုဗစ်-၁၉) ရောဂါကာကွယ်ရေး စည်းကမ်းချက်နှင့်အညီ ကျေးရွာအတွင်းရှိ တီဘီရောဂါ သံသယရှိသူများ၊ တီဘီရောဂါ ရှိသူနှင့်အတူ နေမိသားစုဝင်များ၏စာရင်းများကို ကြိုတင်ကောက်ယူပြီး ရောဂါလာရောက် စစ်ဆေးခံမည့် သူများအား ဆေးစစ်ချိန်ခွဲကာ ဖိတ်စာပေးပို့ထားကြောင်း၊ မုဒွန်းကျေးရွာဆေးကုသသည့် စုရပ်တွင် လာရောက်ပြသသူ(၁၂၂)ဦးကို ဓါတ်မှန်ရိုက်စစ်ဆေးပေးကာ တီဘီရောဂါသံသယလက္ခဏာရှိသူ (၂၀)ဦး၏ သလိပ်စစ်ဆေးချက်ယူ၍ မော်လမြိုင်တီဘီဓါတ်ခွဲဌာနသို့ ဆေးစစ်ရန်ပေးပို့ထားလျက်ရှိကြောင်း၊ စစ်ဆေးပြီးပိုးတွေ့လူနာများကို တီဘီဆေးများအခမဲ့ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဆေးကုသ ကွင်းဆင်း ခြင်းကို ချောင်းဆုံမြို့နယ်တွင်  နိုဝင်ဘာ (၁၆)ရက်မှ (၂၀)ရက်နေ့အထိ (မုဒွန်း၊ ကလွီ၊ ရွာလွတ်၊ ချောင်ဆုံ၊ တိုးချဲ့ရပ်ကွက်၊ ကညှော်) ကျေးရွာတို့တွင် စုရပ်အဖြစ်ထားရှိပြီး တီဘီရောဂါရှာဖွေကုသ ပေး သွားမည်ဖြစ်ကြောင်း ချောင်းဆုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)