မုဒုံ နိုဝင်ဘာ ၁၇
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်မုဒုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာလအတွင်း နိုင်ငံတော်အစိုးရ အနေဖြင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ပေးအပ်သည်။
အဆိုပါ ထောက်ပံငွေများအား မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများအလိုက် သွားရောက် ထောက်ပံ့ရာတွင် အခြေခံလူတန်းစား အိမ်ထောင်စုများ လက်ဝယ်သို့မှန်မှန်ကန်ကန် အပြည့်အဝ ရောက်ရှိစေရေးအထူးဆောင်ရွက်သွားရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦးကသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအလိုက် ခွဲဝေတာဝန်ပေးထားသော တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချူပ်ရေးမှူးများကို လမ်းညွှန်မှာကြားခဲ့သည်။
မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် အိမ်ထောင်စုပေါင်း (၁၁၉၈၆) စုအတွက် (၂၃၉၇၂၀၀၀၀) ကျပ်အား နိုင်ငံတော်မှ ထောက်ပံ့ခြင်းဖြစ်ရာ အဆိုပါ ထောက်ပံ့ငွေများကို မြို့နယ် အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ပြီး ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများ လက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)