သံဖြူဇရပ်တွင် ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်

သံဖြူဇရပ် နိုဝင်ဘာ ၁၇

ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဘုရင့်နောင်ခန်းမ၌ ယမန်နေ့ ညနေက ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်က အမှာစကား ပြောကြားရာတွင် "ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက်၊ နိုင်ငံတော် မှစတုတ္ထအကြိမ်အဖြစ် ပေးအပ်သည့် ထောက်ပံ့ ငွေများကို ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများမှ စနစ်တကျ စီမံခန့်ခွဲ၍ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ရသင့်ရထိုက်သူများ လက်ဝယ်အရောက် အမြန်ဆုံး ခွဲဝေပေးစေလို ကြောင်း" ပြောကြားသည်။ ဆက်လက်၍ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်သီတာထွန်းတို့က အမှာစကား ပြောကြားသည်။

ထို့နောက် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စု (၈၇၆၂) စု အတွက် တစ်စုလျှင် ကျပ်နှစ်သောင်းစီဖြင့် ထောက်ပံ့ငွေ စုစုပေါင်းကျပ် (၁၇၅၂၄၀၀၀၀) အား မြို့နယ်အုပ်ချုပ်ရေးမှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တို့က ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်း ပေးအပ်ကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)