ပွင့်ဖြူ နိုဝင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး (စာရေးဝန်ထမ်း)များအား ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်/ကျေးရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်မှုအား အသိအမှတ်ပြုသည့်အနေဖြင့် ဒုတိယအကြိမ်မြောက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်း၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်က နိုင်ငံတော်မှ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မိမိတို့ တာဝန်ကျရာ ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များကို ရုံးဖွင့်ရက်များတွင်သာမက (စနေ၊ တနင်္ဂနွေ) ရုံးပိတ်ရက်များတွင်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်လျက် ရှိသည့်အတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ (၁.၁၀.၂၀၂၀)မှ (၈.၁၁.၂၀၂၀) ရက် အတွင်း အစိုးရရုံးပိတ်ရက် (၁၅) ရက်အတွက် ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းတာဝန်များကို ကြိုးစားဆောင်ရွက်မှု အပေါ် အသိအမှတ်ပြုသောအားဖြင့် ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းဖြစ်ပါ ကြောင်းနှင့် ဆက်လက်ပြီး မိမိတို့ တာဝန်ယူ ဆောင်ရွက်ရသော ရပ်/ကျေးစာရေး လုပ်ငန်း တာဝန်များကိုလည်း အလေးထား ကြိုးပမ်းဆောင်ရွက်သွားကြစေလို ကြောင်း ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော် က တက်ရောက်လာသည့် ရပ်/ကျေးစာရေး ဝန်ထမ်းများ အနေဖြင့် လက်ရှိကာလသည် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့်အချိန်ဖြစ်၍ မိမိတို့ ရပ်ရွာရှိ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ မဖြစ်ပွားစေရေးအတွက် နိုင်ငံတော်အစိုး ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန် ထားသော အမိန့်နှင့် ညွှန်ကြားချက်များ၊ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများကို အလေးထား ဆောင်ရွက်ရန်နှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိ လိုက်နာနိုင်ရေး ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန် ထမ်းဆောင်လျက်ရှိသော ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး (စာရေး ဝန်ထမ်း) (၅၆)ဦးအား နိုင်ငံတော်မှ ရပ်/ကျေးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ လုပ်ငန်းတာဝန်များကို (စနေ ၊ တနင်္ဂနွေ) အစိုးရရုံးပိတ်ရက် (၁၅) ရက်စာ ကျေပွန်စွာ ကြိုးစားဆောင်ရွက်မှုအတွက် တစ်ရက်လျှင် နေ့တွက်စရိတ် ၄၈၀၀ ကျပ်နှုန်းဖြင့် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၇၂၀၀၀ စီ အား ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြကြောင်း နှင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၄၀၃၂၀၀၀ အား ဂုဏ်ပြု ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )