ဆင်ပေါင်ဝဲ နိုဝင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့ ကျင်းပပြုလုပ်သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့ ကြသော အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးခင်မောင်ထွေးက ဂုဏ်ပြုအမှာစကားပြောကြားရာ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကာလ အောက်တိုဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၅ ရက်နေ့ထိ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတာဝန်များကို ကျေပွန်စွာထမ်း ဆောင်ခဲ့ကြသော အထူးရဲ(၁၃၀)ဦးအား ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏မူဝါဒနှင့် သဘောထား များအား စိတ်ဝင်စား၍ ရဲတပ်ဖွဲ့သို့ ဆက်လက်ဝင်ရောက်လိုပါက သတ်မှတ် စည်းကမ်းနှင့်အညီ လက်ခံပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန် ရှိသူများက ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သော အထူးရဲတစ်ဦးချင်းအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
အလားတူ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်ကျေးရွာတွင်လည်း အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အိဖြူဖြူမောင်(ပြန်/ဆက်)