ရန်ကုန် ဖေဖော်ဝါရီ ၂၃
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် အထပ်မြင့်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား မီးသတ်ဦးစီးဌာနနှင့် ပရဟိတအဖွဲ့ များ ပူးပေါင်း၍ လက်တွေ့ဇာတ်တိုက်လေ့ကျင့်မှုကို ယမန်နေ့ နံနက် ၁၀ နာရီက Star City ကြယ်စင်အိမ်ရာ၌ ကျင်းပသည်။
ဇာတ်တိုက်လေ့ကျင့်မှုတွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးမျိုးဝင်း၏ လမ်းညွှန်မှုနှင့်အတူ ရန်ကုန်တောင်ပိုင်း ခရိုင် မီးသတ်ဦးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်လွင်ဦးမှ အနီးကပ်ကွပ်ကဲ၍ သန်လျင်မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းအောင် ဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ကြယ်စင်အိမ်ရာဝန်ထမ်းများပူးပေါင်းပြီး အထပ်မြင့်မီးငြှိမ်းသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးနှင့် ရှေးဦးပြုစုခြင်းလုပ်ငန်းများအား လက်တွေ့ လေ့ကျင့်မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အထပ်မြင့်မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်လုပ်ငန်း လက်တွေ့လေ့ကျင့်ရာသို့ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်၊ သန်လျင်မြို့နယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်နှင့် ခရိုင်နှင့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကြယ်စင်အိမ်ရာမှ တာဝန်ရှိသူများ၊ သန်လျင်မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူးများက လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)