သာယာ၀တီမြို့နယ် ကိုဗစ်လူနာများကို သယ်ယူပို့ဆောင်ပေးနေသော ပရဟိတအသင်းများအား ထောက်ပံ့ငွေပေးအပ်

သာယာဝတီ  နိုဝင်ဘာ  ၁၇

သာယာဝတီမြို့နယ်အတွင်း ကိုဗစ်လူနာများကို သယ်ယူပို့ဆောင်ပေးနေသော ပရဟိတ အသင်းများအား ထောက်ပံ့ငွေပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ကျန်းမာရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းထွဋ်က  မြို့နယ်အတွင်း ကိုဗစ်လူနာများကို သယ်ယူပို့ဆောင်ပေးနေသော ပရဟိတအသင်းများအား အဓိက ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း၊ ထို့အပြင် နောင်အချိန်၌ ယခုထက်ပိုပြီး ထောက်ပံ့ပေးချင်ပါကြောင်း၊ ပထမလှိုင်းတုန်းက တိုင်းအစိုးရနှင့် လူမှုဝန်ထမ်းတို့က ထောက်ပံ့ကြကြောင်း၊ ယခု ဒုတိယလှိုင်းမှာ ရက်ရှည်လာ၍ ပရဟိတအသင်းတွေအတွက် ပရဟိတအသင်း(၅)သင်းကို တစ်သင်းလျှင် နှစ်သိန်းနှုန်းဖြင့် (၁၀)သိန်း ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ကျန်းမာရေး အထောက်အကူပြုကော်မတီ နာယက၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်လင်းထွန်း၊ ဥက္ကဋ္ဌ ဦးသိန်းထွဋ်၊ အတွင်းရေးမှူး ဦးထူးမြင့်၊ ဘဏ္ဍာရေးမှူး ဦးမောင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ပရဟိတအသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သန့်ဇော်(သာယာဝတီ)