လိပ်သို ဇူလိုင် ၁၈
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကြီးမားပုံနှင့် ဆိုးကျိုးများအကြောင်း သိရှိရှောင်ရှားတတ်စေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇူလိုင်လ ၁၆ ရက်နေ့၊ ညနေ ၃ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကျောင်းသား/လူငယ်များ ပညာရေးခရီးလမ်း လျှောက်လှမ်းနေစဉ်အတွင်း မူးယစ်ဆေးဝါး၏သားကောင် မဖြစ်စေရန် အသိသတိစွဲကပ်၍ ရှောင်းရှားစေလိုကြောင်း၊ ယနေ့ကမ္ဘာတွင် လူသားအားလုံးကို ခြိမ်းခြောက်လျက်ရှိသည့် အကြီးမားဆုံးအန္တရာယ်သည် မူးယစ်ဆေးဝါးပင်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ရုပ်ပိုင်းဆိုင်ရာ/ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပေါ်စေကြောင်းစသည့် အသိပညာပေး အကြောင်းအရာများ ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေး အကြောင်းအရာများကို ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ လူငယ်များက ကြည့်ရှု လေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)