ရှမ်းရွာသစ် နိုဝင်ဘာ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း)များအား ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များအား ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုသော အားဖြင့် နိုင်ငံတော်မှထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်က ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများ အနေဖြင့် မိမိကျရာ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းရွက် နိုင်သလို ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ရသည့် ရွေးကောက်ပွဲ လုပ်ငန်းများအား အချိန်နှင့်တပြေးညီ ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် ထောက်ပံ့ငွေများပေး အပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရှမ်းရွာသစ်မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး(စာရေးဝန်ထမ်း) (၁၃)ဦးတို့အတွက် ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၈ ရက်နေ့ထိ ရုံးပိတ်ရက်(၁၅)ရက်စာအတွက် တစ်ရက်လျှင် (၄၈၀၀)ကျပ်နှုန်းဖြင့် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၇၂၀၀၀) ကျပ်ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)