လိပ်သိုမြို့ တပ်တောင်ကျေးရွာ ရေရရှိရေး အရှိန်မြှင့်တင် ဆောင်ရွက်

လိပ်သို  နို၀င်ဘာ ၁၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ၊ လိပ်သိုမြို့ တပ်တောင်ကျေးရွာတွင် ရေရရှိနိုင်ရေးအတွက်  (CDN) နယ်သာလန်အခြေစိုက် နိုင်ငံတကာခရစ်ယာန်လူမှုရေး အသင်း၏ ပူးပေါင်းမှု၊ (KMSS) ဂရုဏာတောင်ငူ လူမှုရေးအသင်း၏ ပူးပေါင်းမှုဖြင့်  (KKBA) တောင်ငူ ဂေခိုဂယ်ဘား နှစ်ခြင်းခရစ်ယာန် သာသနာနယ်  ခရစ်ယာန်လူမှု၀န်ထမ်းခြင်းနှင့် ဖွံ့ဖြိုးရေးဌာနမှ  အရှိန်မြှင့်တင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ တပ်တောင်ကျေးရွာ ရေရရှိရေးအတွက်  ၂၀၁၈ ခုနှစ် ၊ စက်တင်ဘာလမှစ၍ (၃) နှစ် စီမံကိန်းချမှတ်ခဲ့ပြီး လာမည့် ဒီဇင်ဘာလ အတွင်း ကျေးရွာတွင် ရေရရှိနိုင်ရေး  ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရပါသည်။
(KKBA) တောင်ငူ ဂေခိုဂယ်ဘား နှစ်ခြင်းခရစ်ယာန် သာသနာနယ် ခရစ်ယာန်လူမှု ၀န်ထမ်းခြင်းနှင့်  ဖွံ့ဖြိုးရေး ဌာနသည် (KMSS) ဂရုဏာတောင်ငူ လူမှုရေးအသင်းနှင့် (CDN) နယ်သာလန်အခြေစိုက် နိုင်ငံတကာခရစ်ယာန် လူမှုရေးအသင်းတို့၏ ပူးပေါင်းမှုနှင့်အတူ  စီမံကိန်းတွင်ပါ၀င်သော ကိုးဒစ်ရွာတန်းရှည်၊ အမယာ၊ တပ်တောင်၊ ရွှေဘိုးကျေးရွာနှင့် သစ်ခေါင်းကျေးရွာတို့တွင် ငွေစုငွေချေးလုပ်ငန်း၊ ၀က်မွေးမြူရေးလုပ်ငန်း၊ ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲခြင်းလုပ်ငန်းများနှင့် ရေရရှိရေးလုပ်ငန်း စသည်တို့ကို အဓိက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။
စီမံကိန်းတွင်ပါ၀င်သော ကျေးရွာ (၅) ရွာမှ ကိုးဒစ်ရွာတန်းရှည်နှင့် အမယာကျေးရွာတို့အား ကျန်းမာရေးဆိုင်ရာ အမူအကျင့် ပြောင်းလဲခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး  ကျေးရွာအတွင်း တစ်ကိုယ်ရေသန့်ရှင်းမှုရှိစေရေးအတွက်  ကျေးရွာအတွင်းရှိ အိမ်ထောင်စုများအား သန့်စင်ခန်းဆောက်ရာတွင် လိုအပ်သည့်ပစ္စည်းများ၊ ကျေးရွာသန့်ရှင်းရေးအတွက်  လိုအပ်သည့် အမှိုက်ပုံးများ ကိုလည်း  ပံ့ပိုးကူညီခဲ့ပြီး လက်ရှိတွင် တပ်တောင်ကျေးရွာ ရေရရှိရေးအတွက်  အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း  (KKBA) တောင်ငူ ဂေခိုဂယ်ဘား နှစ်ခြင်းခရစ်ယာန် သာသနာနယ် ခရစ်ယာန်လူမှု ၀န်ထမ်းခြင်းနှင့်  ဖွံ့ဖြိုးရေးဌာန၏ ဒါရိုက်တာ ဆရာ ဒေးဗစ်ထံမှ သိရပါသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)