လှိုင်သာယာ(အနောက်ပိုင်း) နိုဝင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုလျော့ကျစေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ လူစည် ကားရာနေရာများ ၌ ယနေ့ နံနက် ၈ နာရီခန့်က မြို့နယ်စည်သာယာရေး အုပ်ချုပ်ရေးမှူး ဦးသိန်းလွင် နှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာ ရေး အသိပညာပေးခြင်းနှင့် စနစ်တကျတပ်ဆင်ခြင်း မရှိသူများအား အရေးယူခြင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်း သွားလာလျက်ရှိသော ပြည်သူများအား၊ နှာခေါင်းစည်း Mask များကို မေးစေ့တွင် မချိတ်ပဲ နှာခေါင်းနှင့် ပါးစပ်များတွင် စနစ်တကျတပ်ဆင်ရန်၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာ ဈေးဝယ်ကြရန်၊ လက်များကို စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို တိတိကျကျလိုက်နာကြရန် အသိပညာပေးဆောင်ရွက်သည်။
ထို့နောက် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်း နှာခေါင်းစည်း Mask များအား တပ်ဆင်ခြင်း မရှိသူများ နှင့် နှာခေါင်းစည်း Mask များကို နှာခေါင်းနှင့် ပါးစပ်တို့တွင် စနစ်တကျတပ်ဆင်ခြင်းမရှိဘဲ မေးစေ့တွင်ချိတ်၍ သွားလာလျက်ရှိသူ (၇၀)ဦးအား တစ်ဦးလျှင် ငွေကျပ်(၂၀၀)နှုန်းဖြင့် ကောက်ခံအရေးယူခဲ့ကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)