ပြည် ဇူလိုင် ၁၈
ပြည်မြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်များပြပွဲကို ယနေ့နံနက်ပိုင်းက ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ကျင်းပရာ ပြည်မြို့အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၁ဦး တက်ရောက်သည်။
ရှေးဦးစွာဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ နိုင်ငံလွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်ခဲ့မှုအများအပါအဝင် မမေ့အပ်သည့်အာဇာနည်နေ့နှင့် နိုင်ငံတော်၏ နေ့ထူးနေ့မြတ်များ၏သမိုင်းကြောင်းများနှင့် သုတ၊ ရသစာအုပ်စာပေများကို အားလပ်ချိန်များတွင် ရှာဖွေဖတ်ရှုနိုင်ရန် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ ဖိတ်ခေါ်ပါကြောင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် အခမ်းအနားတွင် ခင်းကျင်းပြသထားသော စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ လူငယ်အသိပညာပေးနံရံကပ်စာစောင်များနှင့် ခရိုင်ပြည်သူ့စာကြည့်တိုက်မှ သုတ၊ ရသ စာအုပ်စာစောင်မျိုးစုံတို့ကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ဖတ်ရှုလေ့လာကြည့်ရှုကြပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအတွက် အာဟာရမုန့်များဝေငှပေးခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)