ရေနံချောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း ၄၂၀၀ လျာထား ထုတ်ချေးမည်

ရေနံချောင်း နိုဝင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်အတွင်းရှိ ဆောင်းသီးနှံစိုက်တောင်သူ ၁၅၇၄ ဦးအတွက် စိုက်ပျိုးရေးအဆင်ပြေစေရန် ၂၀၂၀ ပြည့်နှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေအဖြစ် ငွေကျပ်သိန်းပေါင်း ၄၂၀၀ လျာထားထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲက သိရသည်။

“ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို စပါးတစ်ဧကကို တစ်သိန်းခွဲကျပ်နှင့် အခြားသီးနှံ တစ်ဧကကို တစ်သိန်းကျပ်နှုန်းဖြင့် ထုတ်ချေးပေးမှာဖြစ်ပါတယ်။ မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု ၁၀ အုပ်စုမှ ဆောင်းသီးနှံ စိုက်တောင်သူ ၁၅၇၄ ဦး၏ စိုက်ဧကစုစုပေါင်း ၃၇၂၅ ဧက အတွက် ငွေကျပ်သိန်းပေါင်း ၄၂၀၀ ကို အတိုး ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးသွား မှာဖြစ်ပါတယ်”ဟု မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်သွယ်သွယ်အုန်းက ပြောသည်။

၂၀၂၀ ပြည့်နှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ရေနံချောင်းမြို့နယ်၌ နိုဝင်ဘာ ၁၁ ရက်နေ့က စတင်ထုတ်ချေးပေးခဲ့ရာ ယနေ့အထိ ကျေးရွာအုပ်စု ၂ အုပ်စုမှ တောင်သူ ၉၁ ဦးအတွက် ငွေကျပ် ၁၉၂ သိန်း ထုတ်ချေးပေးခဲ့ပြီးဖြစ်သည်။

ရေနံချောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ယမန်နှစ်က ဆောင်းသီးနှံ စိုက်ပျိုးစရိတ် ချေးငွေအဖြစ် ငွေကျပ်သိန်းပေါင်း ၃၉၇၃ ကို စိုက်ဧက ၃၆၂၃ ဧကအတွက် တောင်သူများထံသို့ ထုတ်ချေးပေးနိုင်ခဲ့ ကြောင်း သိရသည်။

ကိုစိုးကြီး