သထုံ နိုဝင်ဘာ ၁၇
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် အလုပ်အကိုင် နည်းပါးပြီး ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ အိမ်ထောင်စု များအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀)စီကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန် ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ထံ ခွဲဝေပေးအပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူတို့က အမှာစကားများပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးက အခြေခံအိမ်ထောင်စုများကို ငွေကျပ် ၂၀၀၀၀ စီ ထောက်ပံ့ခဲ့သည်မှာ လေးကြိမ်ရှိပြီ ဖြစ်ပါကြောင်း ရပ်ကွက်/ကျေးရွာ တာဝန်ရှိသူများအနေဖြင့် ယခင်ပေးအပ်ခဲ့ပြီးသည်တို့ကို စံနမူနာယူကာ စနစ်တကျဖြစ်အောင်ဆောင်ရွက်ပြီး အခြေခ ံလူတန်းစားဖြစ်ရမည့် အချက်များနှင့် ကိုက်ညီသူတွေကိုစိစစ်ကာ စာရင်းသေချာပြုစု ထားကြစေလိုကြောင်း ယခုအကြိမ်တွင် ယခင်ပေးအပ်ခဲ့စဉ်က လုံးဝမရခဲ့သူများကိုဦးစားပေးပြီး တစ်ပတ် အတွင်း အားလုံးပြီးစီးအောင်ပေးနိုင်ရန် ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်း ပြောကြားကာ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး ကြီးကြပ်မှုအဖွဲ့မှ တာဝန်ရှိသူတို့က သထုံမြို့နယ်အတွင်းရှိ အခြေခံအိမ်ထောင်စုပေါင်း ၁၂၄၁၁ အိမ်ထောင်စု အတွက် နိုင်ငံတော်မှထောက်ပံ့ငွေ စုစုပေါင်း ကျပ် ၂၄၈၂၂၀၀၀၀ ကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ အိမ်ထောင်စုအလိုက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သက်ဦး(သထုံ)