ကလေး နိုဝင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကလေးမြို့ ကိုဗစ်-၁၉ကပ် ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ကူညီထောက်ပံ့လှူဒါန်းသော အောက်ဆီဂျင် ပေးစက်(၂)လုံးအား ကလေးခရိုင် ခုတင်(၃၀၀)ဆံ့ ပြည်သူ့ ဆေးရုံကြီးသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယမန် နေ့က ကလေးမြို့ကိုဗစ်-၁၉ကပ်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီရုံး (ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး)၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ လွှဲပြောင်းပေးအပ်ခဲ့ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ကလေးခရိုင် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ချို၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်တို့က လွှဲပြောင်းပေးအပ်ခဲ့ကြရာ ခုတင် (၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ သမားတော်ကြီး ဒေါက်တာမျိုးသင်း နှင့် မြို့မိမြို့ဖ ဦးညီညီတို့က လက်ခံရ ယူခဲ့ကြသည်။
အဆိုပါ အောက်ဆီဂျင်ပေးစက်(၂)လုံးအား ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ခံရသည့် အတည်ပြု လူနာများထားရှိရာ တိုင်းရင်းဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင်နှင့် ပြည်သူ့အငှားအိမ်ယာ (အိတ်စွပ်)ရှိ အထူးကြပ်မတ်ကုသဆောင်တို့တွင် ထားရှိအသုံးပြုသွားမည်ဖြစ်ပြီး စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ယခုအကြိမ် ထောက်ပံ့လှူဒါန်းခြင်းသည် ဒုတိယအကြိမ် ကူညီ ထောက်ပံ့လှူဒါန်း ခြင်းဖြစ်ပြီး ဖြစ်ကြောင်း သိရသည်။
မာန်လမ့်တွောင်(ပြန်/ဆက်)