ခင်ဦး နိုဝင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ဆင်းရတနာ-၃ နှမ်းမျိုး စံကွက် ရိတ်သိမ်းခြင်းကို ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးသင်းဖေနှင့် ဝန်ထမ်းများက ကွင်းဆင်းပြီး ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းပြီး နှမ်းမျိုးစံကွက်ရိတ်သိမ်းရာတွင် တမာကျေးရွာတွင် တောင်သူ ဦးတင့်လွင်၏ နှမ်းခင်းတွင် တစ်ဧကလျှင် (၉) တင်း၊ ကုန်းကြီးကျေးရွာ တောင်သူ ဦးတင်လင်း၏ နှမ်းခင်းတွင် တစ်ဧကလျှင် (၁၀ ဒသမ ၃) တင်း၊ တမုတ်ကျေးရွာ တောင်သူ ဦးကြည်နှင်း၏ နှမ်းခင်းတွင် တစ်ဧကလျှင် (၈) တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။
ခင်ဦးမြို့နယ်တွင် ၂၀၂၀ ခုနှစ် နှမ်းသီးနှံ စိုက်ဧက (၁၈၈၈၀) ရှိရာ ယခုအချိန်တွင် အောင်မြင်ဖြစ်ထွန်းလျက် ရှိပြီး တစ်ချို့တောင်သူများမှာ နှမ်းများကို စတင်ရိတ်သိမ်းနေပြီ ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် နှမ်းမျိုးကွဲကို ဆင်းရတနာ-၃ ကို အဓိကထား စိုက်ပျိုးခဲ့ကြောင်း၊ နှမ်းမျိုးကို မျိုးသန့်ဝယ်ယူစိုက်ပျိုးခဲ့ပြီး တောင်သူ အချင်းချင်း မျိုးပွားဖြန့်ဖြူးစနစ်ဖြင့် စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးသင်းဖေ၏ ပြောကြားချက်အရ သိရသည်။
စိုးဝေအောင် (ခင်ဦး)