ဟင်းသီးဟင်းရွက်၊ အခြေခံစားသောက်ကုန်များအား Mobile Market ကားများဖြင့် ခရမ်းမြို့နယ် အရောက် လာရောက်ရောင်းချ

ခရမ်း နိုဝင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် ညီနောင်အသင်းများမှ ပူးပေါင်းဆောင်ရွက် သည့် မြို့နယ်များအတွင်း လှည့်လည်ရောင်းချသော စျေးကားအစီအစဉ်ကို ယမန်နေ့ နံနက်ပိုင်းက ခရမ်းမြို့ အမှတ် ( ၂ )ရပ်ကွက်ရှိ မြို့နယ်ခန်းမရှေ့၌ လာရောက်ရောင်းချခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းညွှန်မှုအရ ကိုဗစ်-၁၉ ကာလအတွင်း မိမိတို့နေအိမ်မှ ဝေးကွာ သောဈေးများသို့ သွားရောက်ဝယ်ယူရသည့်အတွက် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွါးမှု ကာကွယ်နိုင် ရေး၊ သန့်ရှင်းလတ်ဆတ်သော ဆန်၊ ဆီ၊ ဆားနှင့် အခြားဟင်းသီးဟင်းရွက် စားသောက်ကုန်များအား ပြည်သူများ အလွယ်တကူ ဝယ်ယူရရှိနိုင်ရေးတို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာ​ရေး​​ ကော်မတီ နှင့်မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့ကြီးမှူး၍ ညီ​နောင် လုပ်ငန်းရှင်အသင်းများမှ Mobile market‌ ဈေးကားများဖြင့် လှည့်လည်​ရောင်းချ​​ပေးခဲ့​ကြောင်း သိရ သည်။

ထိုသို့​​ ဈေးကားများဖြင့် ရပ်ကွက်များအတွင်း လာရောက် ဈေးရောင်းချ‌ပေးရာသို့ ခရမ်းမြို့နယ် စည်ပင် သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမိုးကျော်နှင့်စည်ပင် သာယာရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များစျေးကော်မတီဝင်များက ကျန်းမာရေးနှင့်အား ကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီဈေး‌ ရောင်း ဈေး ဝယ်ကြ စေရေးတို့အတွက် သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်မှုများကို ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြသည်။

ယခုကဲ့သို့ဟင်းသီးဟင်းရွက်၊ သား၊ ငါးနှင့်မီးဖို​ချောင်သုံး စားသောက်ကုန်များမြို့နယ်များ အရောက် Mobile Market စျေး​ရောင်းယာဉ်များဖြင့် လှည့်လည် ရောင်းချပေးမှုအား အလှည့်ကျဆက်လက် ဆောင်ရွက်​ပေးသွားမည်ဖြစ်​ကြောင်း  ခရမ်းမြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ထံမှသိရှိရပြီး အများ ပြည်သူများ၏ ဝယ်လိုမှုအားကိုကြည့်၍ အခြားလူ့အသုံးဆောင်နှင့် ကျန်းမာရေးနှင့်ကိုက်ညီသည့် ကုန်ပစ္စည်းများကိုလည်း ထပ်မံတိုးချဲ့ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကိုမင်း (ခရမ်း)