ဝန်းသိုမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်ရန် ကျေးရွာပေါင်း ၂၂ ရွာရွေးချယ်ထား

ဝန်းသို နိုဝင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ LIFT Fund၏ နည်းပညာအကူအညီဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲ နည်းသင်တန်းများ၏ ရလာဒ်အရ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (VDP)လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာရွေးချယ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒေါင်းမြူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)ရင်းနှီးမြုပ်နှံမှုအစီအစဉ်ဖြင့် ဆောင်ရွက်မည့် ကျေးရွာ ရွေးချယ်ရာတွင် ဦးစားပေး ရွေးချယ်ရမည့်အချက် ၆ချက်ကို ရှင်းလင်းပြောကြားပြီး တက်ရောက် လာကြသော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးနှင့် ဒေါ်ခိုင်ခိုင်ဝင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဦးနေမျိုးထွန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဦးစားပေး ရွေးချယ်သင့်သော ကျေးရွာများကို ဝိုင်းဝန်း စဉ်းစားဆုံးဖြတ် ရွေးချယ်ပေးခဲ့ကြသည်။

ဝန်းသိုမြို့နယ်အတွင်း ဦးစီးဌာနရန်ပုံငွေကျပ်သိန်း(၁၀၀)အပြင် လွှတ်တော်ရန်ပုံငွေနှင့် ကျေးရွာမှ ထည့်ဝင် ငွေများဖြင့် ပေါင်းစပ်ဆောင်ရွက်လို သည့်ကျေးရွာများ၊ မည်သည့်စီမံကိန်းမှမရရှိသေးသော ကျေးရွာများ၊ စည်းလုံး ညီညွှတ်ပြီး တက်ကြွစွာဆောင်ရွက်လိုသည့်ကျေးရွာများ၊ အကျိုးခံစားခွင့် အိမ်ထောင်စုများ သောကျေးရွာများ စသော ဦးစားပေးရွေးချယ်ရမည့်အချက်များနှင့်ကိုက်ညီသည့် အလယ်ခုံကျေးရွာ၊ ကံကုန်း ကျေးရွာ၊ ပန်းတိမ်ကုန်း၊ ကျူတော၊ ဆည်ကြီးရွာသစ်၊ ဆည်ကြီးရွာဟောင်း၊ ကနဖော့၊ ကျွန်းကုန်း၊ ငါးရံ့ ချောင်း၊ နမလင်၊ ကံကုန်း၊ အောင်သာကုန်း၊ မှန်လွဲကုန်း၊ ညောင်အင်း၊ အင်္ဂါး၊ ထန်းတော၊ ဖီလေး၊ ဇီးဖြူကုန်း၊ မအူတော၊ နောင်ကွင်း၊ ဏညောင်ကိုင်းကျေးရွာ စုစုပေါင်းကျေးရွာ ၂၂ ရွာတို့တွင် တစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP)ထောက်ပံ့ငွေကျပ်သိန်း ၁၀၀စီဖြင့် အကောင်အထည်ဖော်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနမှ သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)