ပွင့်ဖြူ နိုဝင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု၊ ကံလှကျေးရွာ၊ ကျောင်းစု ကျေးရွာနှင့် ဇီးကျွန်း ကျေးရွာတို့တွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ်များ ဘေးလွတ်ရာ သို့ ပြောင်းရွှေ့လျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆန်၊ ဆီ၊ ကြက်ဥစသည့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည့် အိမ်ထောင်စုများအနေဖြင့် ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု၊ ကံလှ ကျေးရွာတွင် အိမ်ထောင်စု(၃၀)စု၊ ကျောင်းစုကျေးရွာတွင် အိမ်ထောင်စု(၅)စု၊ ဇီးကျွန်း ကျေးရွာတွင် အိမ်ထောင်စု(၁)စု ၊ စုစုပေါင်း အိမ်ထောင်စု(၃၆)စု ရှိပြီး ကမ်းပြိုဘေးသင့်အိမ်ထောင်စုဝင်များ စားနပ်ရိက္ခာ ဖူလုံစေရေးအတွက် ယနေ့ နံနက်ပိုင်းက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အဖွဲ့က ဆန်(၂၄) ပြည်အိတ် (၃၆)အိတ် ၊ (၁)လီတာဆံ့ ဆီဗူး(၃၆)ဗူး ၊ ကြက်ဉအလုံး (၃၆၀) တို့ကို ပေးပို့လှူဒါန်းရာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အဖွဲ့ကိုယ်စား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း နှင့် တာဝန်ရှိသူများက အိမ်ထောင်စု တစ်စုလျှင် ဆန်(၁)အိတ်၊ ဆီ (၁)ဗူး၊ ကြက်ဥ (၁၀) လုံးစီ ထောက်ပံ့ပေးအပ်ရာ ကမ်းပြိုဘေးသင့် အိမ်ထောင်စုဝင်များက အသီးသီးလက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါ ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည့်အိမ်ထောင်စုဝင်များ ပြောင်းရွှေ့ရန် မြေနေရာ အခက်အခဲမဖြစ်စေရေး အတွက် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ စေတနာရှင်ပြည်သူများမှလည်း စားဝတ်နေရေး အဆင်ပြေစေရန်အတွက် စားသောက်ဖွယ်ရာ ပစ္စည်းများ၊ သောက်ရေသန့်များနှင့် အလှူငွေများ လာရောက်ထောက်ပံ့ လှူဒါန်း ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ပေါက်ကုန်း ကျေးရွာအုပ်စု ၊ ကံလှကျေးရွာမှ ဒေသခံပြည်သူ များထံက သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)