ရေးမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၁၈၀၇၅) စုအား နိုင်ငံတော်မှ ထောက်ပံ့ငွေများ ပေးအပ်

ရေး     နိုဝင်ဘာ        ၁၇

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၌ ကိုဗစ်-၁၉  ရောဂါကာလအတွင်း နိုင်ငံတော် အစိုးရမှ ရပ်ကွက်/ကျေးရွာ အုပ်စု (၄၄)အုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ် ထောင်စု (၁၈၀၇၅) စုအား တစ်အိမ်ထောင်လျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နေ့လယ် (၁၂) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါထောက်ပံ့ငွေများ ပေးအပ်ရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အပ်ချုပ်ရေးမှူး ဦးကံဝင်းက ထောက်ပံငွေ ပေးအပ် ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီးနောက် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် ဌာနဆိုင်ရာများက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခဲ့သည်။

ပုံမှန်ဝင်ငွေမရှိသည့် အခြေခံအိမ်ထောင်စုများ၏ လက်ဝယ်အရောက်ပေးအပ်သွားမည်ဖြစ် ပြီး နိုင်ငံတော်အစိုးရအနေဖြင့် ရေးမြို့နယ်ရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများ အတွက်  မဟာသင်္ကြန်ကာလအတွင်း အခြေခံစားသောက်ကုန် (၅)မျိုး၊ ဇူလိုင်လတွင်  ဒုတိယ အကြိမ်ဖြစ် ငွေကျပ် (၁၅၀၀၀) နှင့် တတိယအကြိမ်အဖြစ် ငွေကျပ် (၂၀၀၀၀)၊ စတုတ္ထအကြိမ်   အဖြစ် ဩဂုတ်လတွင် ငွေကျပ်(၂၀၀၀၀)နှင့် စက်တင်ဘာလတွင် ပဉ္စမအကြိမ်အဖြစ် ငွေကျပ် (၂၀၀၀၀) တို့အားပေးအပ်ခဲ့ပြီး ယခုထောက်ပံ့ငွေကျပ် (၂၀၀၀၀) သည် ဆဌမအကြိမ်အဖြစ် ထောက်ပံ့ပေးအပ်ကာ နိုင်ငံတော်မှ ငွေကြေးထောက်ပံ့မှုများအား ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများသို့ ငွေကြေးထောက်ပံ့ရာတွင် အမှန်တကယ် ရသင့်ရထိုက်သည့် အိမ်ထောင်စု များအနေဖြင့် သတ်မှတ်ထောက်ပံ့ငွေအတိုင်း မရရှိပါက မြို့နယ်တိုင်ကြားစာ ဖြေရှင်ရေးဌာန  အား တိုင်ကြားနိုင်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)