မင်းဘူး နိုဝင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု)မြို့နယ်အတွင်း ဆောင်းမြေပဲသီးနှံ စိုက်ပျိုးရာသီတွင် မြေပဲစိုက်တောင်သူများအနေဖြင့် လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“မင်းဘူး(စကု)မြို့နယ်မှာ ဆီထွက်သီးနှံအနေနဲ့ မိုးနှမ်းပြီးချိန် ဆောင်းသီးနှံအဖြစ် နေကြာနဲ့ မြေပဲကို ဒုတိယအများဆုံး စိုက်ပျိုးကြပါတယ်။ မြေပဲမျိုးကို ဒေသတွင်း မိုးဦးစိုက်ခင်းများ၊ မကွေး စိုက်ပျိုး ရေးခြံနဲ့ မကွေမျိုးသန့်အရောင်းပွဲရုံတွေကနေ ရရှိစိုက်ပျိုးတာပါ။ ယခုဆောင်မြေပဲစိုက်ပျိုး ချိန်မှာ တော့ ဧက (၅၀၀၀)ကျော် စိုက်ပျိုးနိုင်ခဲ့ တာကြောင့် လျာထားချက်ထက် သိသိသာသာ ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပါတယ်” ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်ဝင်းက ပြောကြားသည်။
ဆောင်းမြေပဲစိုက်ပျိုးရာတွင် သီးနှံအထွက်ကောင်းစေရေး မြေပွသော ယာမြေကို ရွေးချယ်ပြီး မစိုက်ပျိုးမီ ယာမြေကို ထယ်ရေးခံ၍ နှစ်စပ်/သုံးစပ် ထွန်ယက်ကာ ကြောင်းဆွဲစိုက်ပျိုး လေ့ရှိကြောင်း၊ အများဆုံးစိုက်ပျိုးသော မြေပဲမျိုးစေ့များမှာ ဆင်းပဒေသာ(၁၁)၊ မကွေး(၁၆)နှင့် တွန်တာနီ မြေပဲ မျိုးများကို ရွေးချယ်စိုက်ပျိုးကြကြောင်း၊ တစ်ဧကလျင် မြေပဲအဆံ တစ်တင်းခွဲနှုန်း ကုန်ကျပြီး ပျမ်းမျှ အထွက်နှုန်းအားဖြင့် တင်း ၅၀ မှ ၆၅ တင်းကြား ထွက်ရှိကြောင်း မကျီးပင်ကျေးရွာ မြေပဲစိုက် တောင်သူများထံမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်း ယခုနှစ်ဆောင်းရာသီတွင် ဆောင်းမြေပဲသီးနှံကို စိုက်ဧကပေါင်း (၃၈၄၃)ဧက လျာထားဆောင်ရွက်ခဲ့ရာ ယနေ့အထိ ဧကပေါင်း (၅၇၈၇) ဧက စိုက်ပျိုး ဆောင်ရွက် နိုင်ခဲ့သည့်တွက် ရာခိုင်နှုန်းအားဖြင့် ၁၅၀ ဒဿမ ၅၉ ရာခိုင်နှုန်းဖြင့် လျာထားချက်ထက် ကျော်လွန် စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မောင်မောင် (မင်းဘူး)