ပေါက်ခေါင်းမြို့နယ်၌ ကောက်စောမိုးစပါးများ စတင်ရိတ်သိမ်း ယခင်နှစ်ကထက် ဈေးပိုမိုရရှိ

ပေါက်ခေါင်း နိုဝင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်း တောင်သူများ စိုက်ပျိုးထားသော ကောက်စောမိုးစပါး များ စတင်ရိတ်သိမ်းနေပြီဖြစ်ရာ  စပါးဈေးနှုန်းမှာ ယခင်နှစ်ကထက် ဈေးပိုမိုရရှိတယ်ဟု ဒေသခံ တောင်သူများထံက သိရသည်။

ဒီနှစ် မိုးစပါးအနေနဲ့ ကောက်စောစပါးမျိုးနဲ့စပါးကြီးမျိုး နှစ်မျိုးစိုက်တယ် ကောက်စောမျိုး (ကောက်ရင်) ကတော့ ကျော်ဇေယျ၊ မှော်ဘီစပါးမျိုးတွေရယ်၊ ပြီးတော့ စပါးကြီးမျိုးပေါ့ စပါးကြီးမျိုး ကတော့ သက်တမ်းရင့်တယ်၊ နောက်ကျတယ် ခု ရိတ်သိမ်းရောင်းချနေတဲ့ ကျော်ဇေယျတို့၊ မှော်ဘီတို့ ကတော့ တင်းတစ်ရာကို  ကျပ်ငါးသိန်းငါးသောင်းကျော် ဈေးရတယ်၊ ဒီနှစ်ဈေးကောင်းရတယ်လို့ပဲ ပြောရမယ်။ မနှစ်က လေးသိန်းကျော် ငါးသိန်းဝန်းကျင်လောက်ပဲရှိတယ်” ဟု ဒေသခံတောင်သူ ဦးကျော်ဆွေက ပြောသည်။

“တောင်သူ တစ်ဦးနဲ့တစ်ဦးကတော့ စိုက်တဲ့မျိုးစပါးတွေ မတူကြဘူး ကိုယ့်နေရာဒေသနဲ့ ကိုက်ညီတဲ့ စပါးမျိုးကို ရွေးချယ်စိုက်ကြတယ်။ ခုနှစ် မိုးစပါး စတင်ချိန်မှာ ဒီဈေးနှုန်းရတာ အားရစရာကောင်းပါ တယ်။ နောက်ပိုင်းစပါးကြီးတွေ လှိုင်လှိုင်ပေါ်ချိန်မှာလည်း စပါးဈေးထပ်ကျမသွားဖို့ မျှော်လင့်နေပါ တယ်” ဟု အဆိုပါတောင်သူမှ ဆက်လက်ပြောကြားသည်။

ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ် မိုးစပါးဧက(၄၆၀၀၀)ကျော် စိုက်ပျိုးထားရှိတယ်လို့ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)