ဝေါ နိုဝင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး ၊ပဲခူးခရိုင်၊ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက ညမထွက်ရ အမိန့်ကို နိုဝင်ဘာလ ၁၆ ရက်နေ့ရက်စွဲပါ အမိန့်အမှတ် ၁၁/၂၀၂၀ ဖြင့် ထုတ်ပြန်ခဲ့ပြီး မြို့နယ် အတွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာ ပေးကြောင်း သိရသည်။
အဆိုပါအမိန့်စာတွင် ဝေါမြို့နယ် နယ်နိမိတ်အတွင်း မှီတင်းနေထိုင်ကြသော ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူလူထု အပါအဝင် မည်သူမဆိုလုံလောက်သော အေကြောင်းပြချက်မရှိဘဲ မိမိတို့၏ နေအိမ်ခြံဝန်းပြင်ပသို့ လုံးဝ(လုံးဝ) ထွက်ခွာခြင်း မပြုရန်၊ မဖြစ်မနေ သွားရောက်ရန် လိုအပ်ပါက မြိုနယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ တာဝန် ပေးအပ်ခြင်းခံရသည့် စိစစ်ရေးအဖွဲ့များ၏ ခွင့်ပြုချက်ဖြင့်သာ သတ်မှတ် အချိန်/နေရာ များတွင် သွားလာခြင်းတို့ကို နိုဝင်ဘာလ ၁၄ ရက်နေ့မှစ၍ ည ၁၂ နာရီမှ နောက်တစ်နေ့ နံနက်၄ နာရီအထိ ညမထွက်ရဟု ဖော်ပြထားပါသည်။
အဆိုပါညမထွက်ရအမိန့်သည် စတင်ထုတ်ပြန်သည့်နေ့မှစ၍ ရက်ပေါင်း(၆၀) အတည် ဖြစ်ကြောင်း သိရပြီး လိုက်နာရန် ပျက်ကွက်သူများကို တည်ဆဲဥပဒေဖြင့် အရေးယူသွား မည်ဖြစ်ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)