ဘားအံ ဖေဖော်ဝါရီ ၂၂
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အုန်းတပင်ကျေးရွာအုပ်စုနှင့် လှာကဒေါင်ကျေးရွာအုပ်စုတို့ ထိစပ် နယ်နမိတ် နိုင်းကြာဘုန်းတော်ကြီးကျောင်း အဝင်လမ်းအား အဆင့်မြှင့်တင်သည့် ကတ္တာရာလမ်း ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါလမ်းမုခ်ဦး၌ ကျင်းပသည်။
လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးသန်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး လမ်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌက ကတ္တရာလမ်း ပြုလုပ်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်း ပြောကြားကာ အုန်းတပင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါလမ်းသစ်ကို နိုင်းကြားကျောင်းဆရာတော်၊ ဖါးအောက်တောရကျောင်းဆရာတော်၊ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောမိုးမြင့်၊ ပြည်နယ်စာရင်း စစ်ချုပ် ဦးစောလှထွန်း၊ အုန်းတပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နန်းမုနိခေါင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထိုလမ်းသည် ယခင်ကမြေသားလမ်းအဖြစ်သာ တည်ရှိပြီး နောင်လာနောင်သားများ သွားလာမှု အဆင်ပြေကောင်းမွန်စေရန်နှင့် လမ်းဘေးဝဲယာတွင် နေထိုင်ကြသော ကျေးရွာသူ၊ကျေးရွာသားများ၏လူနေမှုဘဝ အဆင့်မြှင့်တင် တိုးတက်လာ စေရန် ရည်ရွယ်၍ နိုင်းကြာကျောင်းဆရာတော် အရှင်စန္ဒောဘာသ၏ ဦးစီးဦးဆောင်မှုဖြင့် လွှတ်တော်ရန်ပုံငွေ၊ ပြည်နယ်အစိုးရထောက်ပံ့ငွေ၊ ရွာသူ၊ ရွာသားများ၏ထည့်ဝင်ငွေတို့ဖြင့် စုစုပေါင်း ငွေကျပ် ၄၃,၄၁၀,၀၀၀ (လေးရာသုံးဆယ် လေးသိန်း တစ်သောင်း ကျပ်) အကုန်အကျခံ၍ အရှည် ၃၂၂၀ ပေ၊ အကျယ် ၁၄ ပေနှင့် ထု ၇ လက်မရှိ ကျောက်စီ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီး၍ ယနေ့ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)