အထက်မင်းလှ ဖေဖော်ဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ဇီးတောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် မကွေးတိုင်းဒေသကြီး၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ ဆန်းစစ်စီမံခြင်းကို ယနေ့ နံနက်(၉)နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလှထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှိုင်မြင့်သန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဆိုင်ရာ မင်းလှ မြို့နယ် ရုံးမှ မြို့နယ်ဦးစီးမှူးဦးစန်းမင်းတို့က အမှာစကားပြောကြားခဲ့ကြသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းလင်းက တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေနှင့် စစ်တမ်း ကောက်ယူ မည့် အချက်များ ရှင်းလင်း ပြောကြားခြင်း၊ မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မမငယ်က အမျိုးသမီးများအတွက် အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ လူငယ်ရေးရာ မူဝါဒပါ တိုင်းရင်းသား အခွင့်အရေးများအား ရှင်းလင်းပြောကြားခြင်းနှင့် မကွေးတိုင်းဒေသကြီး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက် ရေး ဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်သဲစုမွန်က လူ့အခွင့်အရေး၊ နိုင်ငံသား အခွင့်အရေး၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် အခမ်းအနား တက်ရောက်လာသူများက တိုင်းရင်းသားဒေသများ၏ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်မှု ဆန်းစစ်ချက်စစ်တမ်းများ ဖြေဆိုခဲ့ကြပြီး၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက တက်ရောက် လာသူများအား အသက်မွေးဝမ်းကျောင်း လုပ်ငန်းအပေါ် အသက်မွေးဝမ်းကျောင်း သင်တန်းများ၏ အကျိုးသက်ရောက်မှုနှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ချင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးလှထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်မြင့်သန်း၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ချင်းတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု ကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အရှိုချင်းတိုင်းရင်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)