ဇီးကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီက နှာခေါင်းစည်း များ စနစ်တကျတပ်ဆင်သွားလာရေး ရှောင်တခင်စစ်ဆေး

ဇီးကုန်း နိုဝင်ဘာ ၁၈


ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီက မြို့နယ်အတွင်း ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင် သွားလာရေး ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက်က ဆောင်ရွက်ခဲ့ကြသည်။
မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဝင်းမြင့်ဦးဆောင်၍ ကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ ပူးပါင်း၍ ဇီးကုန်းမြို့မဈေးကြီးတွင် ဈေးဝယ်လာသူများ၊ ဈေးရောင်းသူများအား နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်သွားလာခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေးခဲ့ကြသည်။ ထို့သို့ စစ်ဆေးဆောင်ရွက်ရာတွင် နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသူများကို နှာခေါင်းစည်းများ အခမဲ့ ပေးဝေ၍ တပ်ဆင်စေပြီး ကိုဗစ်ရောဂါကူးစက်မှု ကာကွယ်တားဆီးနိုင်ရေး ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ရန် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက် ခဲ့ကြသည်။
ယခုအခါ ပတ်ဝန်းကျင်မြို့နယ်များတွင် ဒေသတွင်းကူးစက်မှုများတွေ့ရှိလာသောကြောင့် မိမိမြို့နယ် အတွင်း ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် ရောဂါ ဖြစ်ပွားရာဒေသများမှ ပြန်လည်ရောက်ရှိလာသူများကို Quarantine  များတွင်ထားရှိ၍ နှာခေါင်းနှင့် အာခေါင်တို့ဖတ်များယူ၍စစ်ဆေးခြင်း၊ ကျန်းမာရေးအသိပညာပေး လိုက်လံ အသိပေး နှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)