ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ကလေးလေစုပ်စက်တစ်လုံးနှင့် Patient Monitor ဝယ်ယူရန်အလှူငွေလှူဒါန်း

ခင်ဦး  ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ကလေးလေစုပ်စက်တစ်လုံးနှင့် Patient Monitor ဝယ်ယူရန် အလှူငွေ လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် အလှူရှင် မိသားစု တို့က လှူဒါန်းခဲ့သည်။

အဆိုပါလှူဒါန်းပွဲတွင် မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာစန်းယုကိုက မြို့နယ်အတွင်းရှိ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေများ၊ ပြည်သူ့ဆေးရုံအခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်သူ့ ဆေးရုံသို့ ကလေးမွေးဖွားရာတွင် အသုံးပြုသော တန်ဖိုးငွေကျပ် (၇) သိန်းတန် ကလေးလေစုပ်စက် (Vaccum Delivery Machine) ကို အလှူရှင် ဦးခင်မောင်ဝင်း(အင်ဂျင်နီယာမှူးကြီး)၊  ဒေါ်မိုးစန္ဒီအောင်(မိသားစု) မန္တလေးမြို့ တို့က လည်းကောင်း၊ ဆေးရုံအတွက်လိုအပ်နေသော  Patient Monitor (ခွဲစိတ်လူနာအခြေအနေကို စောင့်ကြည့်သည့် စက်) ဝယ်ယူရန်အတွက် ငွေကျပ် (၁,၁၅၀,၀၀၀)ကို အမေရိကန်နိုင်ငံနေ David & Karen (ဒေါ်ခင်ယုံ) Johnson မိသားစုတို့ကလည်းကောင်း လှူဒါန်းခဲ့ရာ ဒေါက်တာစန်းယုကို၊ မြို့မိမြို့ဖဥက္ကဋ္ဌ ဦးမြင့်မောင်(ခ) ဦးဖိုးနီနှင့် အဖွဲ့ဝင် များက လက်ခံခဲ့သည်။

ဆက်လက်ပြီး မြို့မိမြို့ဖဥက္ကဋ္ဌနှင့် အဖွဲ့သည် ဆေးရုံတက်ရောက်နေသော လူနာများအတွက် အာဟာရနှင့် အချိုရည်များ လှူဒါန်းခဲ့သည်။ မြို့မိမြို့ဖ အဖွဲ့မှ ဆေးရုံတွင် အလှူရှင်များ လှူဒါန်းထားသော စက်ပစ္စည်းများ ပျက်စီးချို့ယွင်း နေပါက ပြန်လည်ပြုပြင်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

စိုးဝေအောင် (ခင်ဦး)