သာကေတ နိုဝင်ဘာ ၁၈
သာကေတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလ၌ သန့်ရှင်း လတ်ဆတ်သော သား၊ငါး စားသောက်ကုန်များ လွယ်ကူစွာဝယ်ယူနိုင်ရန်အတွက် ယနေ့နံနက် တွင် အမှတ်(၉) ရပ်ကွက်၊ ရှုခင်းသာလမ်း၊ ရိုးမဘဏ်ရှေ့၌ နံနက်(၇) နာရီမှ (၈:၃၀) ထိနှင့် ၁၀/မြောက်ရပ်ကွက်၊ နဝရတ်လမ်း၊ ရွှေသပြေရိပ်မွန်အိမ်ယာရှေ့တွင် နံနက်(၈:၄၅)မှ (၁၀:၀၀) ထိ ဈေးကားများ လိုက်လံရောင်းချခဲ့သည်။
ထိုသို့ရောင်းချခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏လမ်းညွှန်မှုအရ မြို့နယ်နေ ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေး၊ မိမိတို့နေအိမ်မှ ကွာဝေးသော ဈေးများသို့ သွားရောက် ဝယ်ယူစရာမလိုသည့်အတွက် ကူးစက်ရောဂါပြန့်ပွါးမှုမှ အထိုက် အလျောက် ကာကွယ်နိုင်ရန်၊ သန့်ရှင်းလတ်ဆတ်သော သားငါးစားသောက်ကုန်များအား မိမိတို့ရပ်ကွက် အတွင်းတွင် ဝယ်ယူနိုင်ရန်တို့ကို ရည်ရွယ်၍ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် တို့မှ ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင်အသင်းများမှ မြို့နယ်ရပ်ကွက်များအရောက် လက်လီ လှည့်လည် ဈေးရောင်းချခြင်း ဖြစ်သည်။
အဆိုပါ ရောင်းချပေးခဲ့သည့် စားသောက်ကုန်များမှာ ကြက်သား(CP) ၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ အသင့်ထုပ်ပိုးထားသောရေချို/ ရေငံငါး /ပုဇွန် ၊ ဂဏန်းအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ ၊ ဟင်းသီး၊ ဟင်းရွက် မျိုးစုံများဖြစ်ပြီး လတ်ဆတ်သော ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက် ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့် အညီရောင်းချခဲ့သည်။ သာကေတမြို့နယ်အတွင်းရှိ လိုအပ်သောနေရာ များတွင်လည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
ကိုဘုန်း(ပြန်ဆက်)