တွံတေး ဇူလိုင် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ပြည်သူများအသိပညာဗဟုသုတများတိုးပွားစေရေးနှင့် စာအုပ်စာစောင်များ အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ထောက်ပံ့ငွေ ကျပ်သိန်း ၁၅၀ ဖြင့် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သည့် ကံရွာနှင့်ထိန်ကုန်းကျေးရွာများ၌ စာကြည့်တိုက်အဆောက်အဦအသစ် တည်ဆောက်နေမှုကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါစာကြည့်တိုက်ဆောက်သည့် ကျေးရွာများသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စာကြည့်တိုက်များကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကံရွာကျေးရွာနှင့် ထိန်ကုန်းကျေးရွာတို့တွင် ဆောက်လုပ်လျက်ရှိသောစာကြည့်တိုက်များအား ကွင်းဆင်းကြည့်ရှုရာတွင် စာကြည့်တိုက်ဆောက်လုပ်ရေးအဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့အား အဆောက်အဦအရည်အသွေးပြည့်မီရေး၊ စံချိန်ကိုက်အတိုင်းအတာမှန်ကန်စွာဆောင်ရွက်ရေး၊ နိုင်ငံတော်အစိုးရမှ ပြည်သူများ အသိပညာဗဟုသုတများတိုးပွားစေရေး ဆောင်ရွက်ပေးသည့်အတွက် မိမိတို့ကလည်း အဆောက်အဦဆောက်လုပ်ရာတွင် စေတနာထားဆောင်ရွက်ရေး မှာကြားခဲ့ကြောင်းသိရသည်။
ထို့နောက် ဦးစီးအရာရှိနှင့်အဖွဲ့ဝင်များက ဆောင်ရွက်ပြီးစီးနေသည့် ပုံစံများအားကြည့်ရှုကာ လိုအပ်သည်များမှာကြားခဲ့သည်။ ယင်းနောက် အပတ်စဥ်ဆောင်ရွက်နေမှုများကို လာရောက်ကြည့်ရှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)