မင်းဘူးမြို့၌ ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပ

မင်းဘူး  ဇူလိုင် ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေးတို့အတွက် ပုံပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို  ကျင်းပပေးခဲ့ကြောင်း  သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ ပြင်ပစာပေများ ဖတ်ရှုခြင်းဖြင့် အသိအမြင်အတွေးအခေါ်များရရှိကာ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုး၍ သုတ၊ ရသစသော ဗဟုသုတရရှိသော စာပေများကို ဖတ်ရှုခြင်းဖြင့် ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများကို မင်းဘူးမြို့ အမှတ် (၄) ရပ်ကွက် သီရိမင်္ဂလာမူလတန်း(လွန်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၅၀) ဦး၊ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် mini museum ခန်းရှိ မင်းဘူး(စကု)မြို့နယ်မှ ထင်ရှားကျော်ကြားသော ရဟန်းသံဃာ၊ လူပုဂ္ဂိုလ်များနှင့် ဒေသထွက်ပစ္စည်းများအား ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ဖတ်ရှုလေ့လာကြကြောင်း သိရသည်

ဇေယျာထက်(မင်းဘူး)