တံတား ဇူလိုင် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ (၁) နာရီအချိန်က ကဒပ္ပနကျေးရွာအတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ကျောင်းသား၊ ကျောင်းသူများအား မိုးရာသီတွင်ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်များ၊ ငလျင်ဘေးအန္တရာယ်များ၊ ရေကြီးရေလျှံမှုများ၊ သဘာဝဘေးအန္တရာယ်မကျရောက်မီ မိသားစုကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ကျရောက်လာပါက သတိပြုလိုက်နာရမည့်ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာပေးဟောပြောကြားပြီးနောက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လျှပ်စစ်အသုံးပြုပုံ၊ လျှပ်စစ်အန္တရာယ်နှင့် လျှပ်စစ်အန္တရာယ်ဖြစ်ပေါ်လာပါက တာဝန်ရှိသူများကိုဆက်သွယ်သင့်ပုံ စသည့်အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်သား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ခန့်စည်သူဝင်း(ပြန်/ဆက်)