တာမွေ ဩဂုတ် ၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသိဉာဏ်ပညာဗဟုသုတပြည့်စုံကြွယ်ဝပြီး နိုင်ငံတော်ကအားကိုးအားထားပြုရသည့် အနာဂတ်ခေါင်းဆောင်ကောင်းများအဖြစ် ပေါ်ထွန်းလာစေရေး၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိလာပြီး အားလပ်ချိန်၌ ဗဟုသုတများစွာရရှိစေမည့် စာအုပ်စာစောင်များဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေးအတွက်ရည်ရွယ်၍ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက တာမွေမြို့နယ်ရှိ အမှတ်(၂၆) အခြေခံပညာမူလတန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တာမွေမြို့နယ်ရှိ အမှတ်(၂၆)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အခမ်းအနားကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအမျိုးမျိုးတို့၏ ကြောက်မက်ဖွယ်ရာဆိုးကျိုးအန္တရာယ်များအကြောင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးအမျိုးမျိုးသုံးစွဲခြင်းကြောင့် လူနေမှုဘဝပေါင်းများစွာတို့၏ ထိခိုက်နစ်နာဆုံးရှုံးရမှုများ၊ ကွမ်းစားခြင်း၊ ဆေးလိပ်/ အရက်သောက်သုံးခြင်းနှင့် ကော်ရှူခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးထိခိုက်မှုများနှင့်ပတ်သက်၍ အကျယ်တဝင့်အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက ခန်းမအတွင်း ပြသထားသော အသိညာပေးနံရံကပ်စာစောင်များနှင့် ဗဟုသုတရဖွယ်စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများ၊ လူငယ်လူရွယ်များနှင့် ပြည်သူများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတတိုးပွားစေရေးအတွက် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများပြုလုပ်၍ အသိပညာပေးခြင်းလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)