မွန်ပြည်နယ် ရေးမြို့နယ် ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝဥသီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်

ရေး ဖေဖော်ဝါရီ  ၂၂

မွန်ပြည်နယ် ရေးမြို့နယ်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းမှ ဝဥသီးနှံ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးထွန်းဌေးက အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်မှ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးက ဝဥသီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက်ရေးနှင့် တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်နိုင်ရေးကို ရှင်းလင်းပြောကြားကား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းလွင်က ဝဥစိုက်ပျိုးရာတွင် ကျရောက်တက်သော ပိုးမွှားရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းများအကြောင်းနှင့် ပြည်နယ် မြေအသုံးချရေးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်မြတ်မော်က ဝဥစိုက်ပျိုးဝင်ငွေတိုး ခေါင်းစဉ်ဖြင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ် ပဲ၊ နှမ်း လုပ်ငန်းရှင်များ အတွင်းရေးမှူး ဦးကျော်ခိုင်မြင့်က ဝဥအခြောက်ခံ စက်ရုံတည်ထောင်ထားရှိမှု၊ ကုန်ကြမ်းလိုအပ်ချက်အခြေအနေ၊ ဈေးကွက်ကိစ္စများကိုလည်းကောင်း၊ ဝဥစိုက်ပျိုးရေးပညာရှင် ဦးလှသိန်းက ဝဥ စိုက်ပျိုး ထုတ်လုပ်ခြင်းနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ဝဥဈေးကွက်ရရှိနိုင်ရန် အလားအလာများကို စကားဝိုင်းစုဖွဲ့၍ ဆွေးနွေးခြင်း၊ ရှင်းလင်းတင်ပြ ခြင်းများ၊ ဆက်လက် ဆောင်ရွက်ကြပြီး ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးခင်အောင်သွင်နှင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်ဇော်နိုင်တို့က စကားဝိုင်းအစုဖွဲ့များ၏ ဖော်ထုတ်တွေ့ရှိချက်များအား ဆွေးနွေးရှင်းလင်း တင်ပြကြသည်။ အလုပ်ရုံဆွေးနွေးပွဲကို ဝဥ စိုက်ပျိုး တောင်သူများ၊ ဝဥရောင်းဝယ်သူများ၊ စိုက်ပျိုးရေး စိတ်ပါဝင်စားသူများ၊ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ဖြိုး(ပြန်/ဆက်)