ဒဂုံမြို့သစ်(အရှေ့ပိုင်း) နိုဝင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား နေသော ကာလအတွင်း အခြေခံလက်လုပ်လက်စားပြည်သူများ၏ စားသောက်ရေးအခက်အခဲရှိသော အိမ်ထောင်စုများအား ပြည်သူမှ ပြည်သူသို့ မျှဝေရေး အစီအစဉ်ဖြင့် We Love Yangon မှ အခြေခံ စားသောက်ကုန်များကို ထောက်ပံ့လှူဒါန်း ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ နွမ်းပါးအိမ်ထောင်စု ၁၈၁ စု အား အခြေခံ စားသောက်ကုန် များကို လာရောက်လှူဒါန်းပေးခဲ့ကြသည်။
ထိုသို့ လှူဒါန်းရာတွင် အလှူရှင်များကိုယ်စား We Love Yangon မှ တာဝန်ရှိသူများ၊ We Love East Dagon အဖွဲ့မှ တာဝန်ရှိသူများသည် အမှတ်(၂၊ ၃၊ ၄၊ ၆၊ ၈၊ ၁၂၊ ၁၃)ရပ်ကွက်များအတွင်းရှိ နွမ်းပါး အိမ်ထောင်စု ၁၈၁စု အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ၁၂ ပြည်၊ ဆီ ၁ ဘူး၊ အချိုရည် ၃ ဘူး၊ ခေါက်ဆွဲခြောက် ၁ ဖာ၊ ငါးသေတ္တာ ၅ ဘူး၊ နှာခေါင်းစည်း (Mask) KN 95 တစ်ခု စသည့် အခြေခံ စားသောက်ကုန်များကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ We Love Yangon လူထုအခြေပြု ပရဟိတအဖွဲ့အနေဖြင့် ပြည်သူမှ ပြည်သူသို့ မျှဝေရေး အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား အခြေခံ စားသောက်ကုန်များ ဆက်လက်ထောက်ပံ့လှူဒါန်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)