ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပဲခူး နိုဝင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၁၈ရက် နံနက် ၁၀နာရီက ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး Online Meeting System ဖြင့် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုလတ်က တိုင်းဒေသကြီးအတွင်း ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ လုပ်ငန်းလည်ပတ်နေမှု၊ နှစ်စဉ် တိုးတက်လာသည့် ရင်းနှီးမြှုပ်နှံမှုများ၊ ထပ်မံရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းထားရှိမှု အခြေအနေနှင့် စက်မှုဇုံဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကိုဗစ်-၁၉ ကာလအလွန်တွင် ဝင်ရောက်လာမည့် ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှု စက်ရုံ/အလုပ်ရုံများအတွက် လိုအပ်သော လမ်း၊ လျှပ်စစ်မီး၊ ရေစသည့် အခြေခံ အချက်အလက် ကြိုတင်ပြင်ဆင်ထားရန်၊ တိုင်းပြည်တစ်ခုတွင် ရင်းနှီးမြှုပ်နှံမှုများပြားမှသာ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်ပြီး တစ်ဦးချင်းဝင်ငွေ၊ တိုင်းပြည်အခွန်ဘဏ္ဍာများ တိုးတက်လာမည် ဖြစ်ကြောင်း၊ တိုင်းပြည်အခွန်ဘဏ္ဍာများ တိုးတက်ရရှိမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း၊ ထပ်မံ၍ ရင်းနှီးမြှုပ်နှံရန် တင်ပြထားမှုများကိုလည်း ဥပဒေနှင့်အညီ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးရန်၊ စက်ရုံ/အလုပ်ရုံများ စက်မှုစီးပွားဂရန်များ အမြန်ဆုံး ခွင့်ပြုချထားပေးနိုင်ရေး သက်ဆိုင်ရာ ဌာနများမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။

အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုလတ်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)