သုံးခွ သြဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်နှင့် ဥာဏ်ရည်ဥာဏ်သွေး တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီခွဲအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဥာဏ်စမ်းပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက လူငယ်နှင့်စာဖတ်ခြင်း၊ မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဦးသန်းလွင်က ကျောင်းသား/သူလေးများအား မူးယစ်ဆေးဝါး၏ဆိုးကျိုးများအကြောင်း၊ မူးယစ်ဆေးဝါးအမျိုးအစားများအကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ရရှိလာမည့်ဆိုးကျိုးများအား အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး Women Club ဥက္ကဋ္ဌ ဒေါ်ရီရီအေးက ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာပေများကိုလည်းလေ့လာစေရန်နှင့် လူငယ်နှင့်ယဉ်ကျေးမှုအကြောင်းဟောပြောကြသည်။
ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဥာဏ်စမ်းပြိုင်ပွဲများကိုကျင်းပရာ အကောင်းဆုံးယှဥ်ပြိုင်နိုင်သူ ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ဗဟုသုတရဖွယ် စာအုပ်စာပေများနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။