မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွား‌‌ရေးကုစားမှု(CERP) အစီအစဉ် ဖြင့်ဆောင်ရွက်သော မိုးစပါမျိုးစေ့ထုတ်စိုက်ခင်း စံကွက်များရိတ်သိမ်း

မင်းဘူး          နိုဝင်ဘာ        ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါမျိုးစေ့ထုတ်စံကွက်များ ရိတ်သိမ်းခြင်းကို (နိုဝင်ဘာ ၁၈ ရက်) ယမန်နေ့ နံနက်ပိုင်းအချိန်က ဥယျာဉ်ဇင်ကျေးရွာနှင့် ရေမြက်ကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထိုသို့ရိတ်သိမ်းဆောင်ရွက်ရာတွင် ဥယျာဉ်ဇင်ကျေးရွာ တောင်သူ ဦးလွင်ဦး၏ ပခန်းရွှေဝါ မျိုးစပါး (၃)ဧက စိုက်ခင်းက ၆၆ပေ ပတ်လည်စံကွက်တွင် ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ဆောင်ရွက်ခဲ့ရာ တစ်ဧက အထွက်နှုန်း အစို ၇၃ ဒဿမ ၅ တင်းနှုန်း ထွက်ရှိခဲ့ကြောင်း၊ အလားတူ ကျောက်တန်း ကျေးရွာအုပ်စု၊ ရေမြက်ကျေးရွာ တောင်သူ ဦးကျော်လေး၏ မနောသုခ မျိုးစပါး (၃)ဧက စိုက်ခင်းက ၆ ဒဿမ ၆ ပေ ပတ်လည် စံကွက်တွင်လည်း လက်ဖြင့်ရိတ်သိမ်း ဆောင်ရွက်ခဲ့ရာ တစ်ဧက အထွက်နှုန်း အစို ၉၄ တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သိရသည်။

“မင်းဘူး(စကု)မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးရာသီမှာ ကိုဗစ်-၁၉ စီးပွာရေးကုစားမှုအစီ အစဉ် (CERP)အနေနဲ့ ကျေးရွာပေါင်း (၂၅)ရွာမှ တောင်သူပေါင်း (၁၃၈)ဦးနဲ့ ဧက (၇၀၀) ဆောင်ရွက် ထားပါတယ်။ မျိုးစေ့ထုတ်စိုက်ခင်းတွေကို မင်းဘူးခရိုင်မျိုးစေ့လုပ်ငန်းအဖွဲ့က ကွင်းဆင်း စစ်ဆေးခဲ့ပြီး မျိုးသန့်စင်ကြောင်းနဲ့ မျိုးစေ့အဖြစ် ဖြန့်ဖြူးနိုင်ကြောင်း ထောက်ခံချက်  ရရှိပြီးဖြစ် ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်ဝင်းက ပြောကြားသည်။

အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးလင်းမြတ်၊ မင်းဘူးခရိုင်ပညာပေးအဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ကွင်းဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲ့ရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။  

မောင်မောင် (မင်းဘူး)