အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးကွင်းဆင်းဆောင်ရွက်

အုတ်တွင်း သြဂုတ် ၅
 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာဖတ်သည့်အလေ့အကျင့်​ကောင်းများရရှိစေရေးအတွက်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က အ.မ.က(မူလွန်)နတ်စဥ်ကုန်းနှင့် မွန်းလွဲ(၁)နာရီအချိန်က အ.မ.က(မူလွန်)ကွမ်းသီးခြံကျောင်းများသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ​ဒေါ်ခင်မူမူဝင်းက ကျောင်းသား/ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာဆိုင်ရာအသိပညာပေးဟော​ပြောခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးခိုင်က စားသုံးရန်မသင့်သော အစားအစာနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်မာက စာပေဖတ်ရှုခြင်း၏အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကလေးများအား ကိုယ်ကာယဉာဏစွမ်းရည်များဖွံ့ဖြိုးတိုးတက်စေရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦးချစ်ခင်ရင်းနှီးမှုများရရှိစေရန်ရည်ရွယ်ကာ ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်၍ ကလေးငယ်များအား ရုပ်ပုံစာအုပ်၊ စက္ကူပြဇာတ်၊ ဘုတ်ပြားပြဇာတ်များဖြင့် ပုံပြင်ပြောပြခြင်းများဆောင်ရွက်ခဲ့ကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေနံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)