လိပ်သို နို၀င်ဘာ ၁၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ၊ လိပ်သိုမြို့ ၀န်ထမ်းအိမ်ယာသို့သွားသော ကွန်ကရစ်လမ်းနှင့် တောင်ငူ-လွိုင်ကော် ပြည်ထောင်စုလမ်းမ မိုင်တိုင်အမှတ် (၃၁/၄) နှင့် (၃၁/၅) အကြား လမ်းဆုံတွင် မိုးရေတိုက်စားမှုကြောင့် မြေပြိုမှုနှင့် လမ်းသားပဲ့ကျမှုများ ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့ရာ မော်တော်ယာဉ်များနှင့် ခရီးသွား ပြည်သူဒေသခံများ သတိကြီးစွာ ဖြတ်သန်းမောင်းနှင်ခဲ့ကြရပြီး ယခုအခါ အဆိုပါ မြေပြိုသည့်နေရာတွင် ယာယီပြုပြင်မှုများ ဆောင်ရွက် ပြီးစီးသွားပြီဖြစ်ကြောင်း သိရပါသည်။
လိပ်သိုမြို့ လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ-၁ (မြို့ပြ) ဒေါ်နုနုထွေးနှင့် အငယ်တန်းအင်ဂျင်နီယာ-၄ (မြို့ပြ) စောမိုးထက်ထက်ကျော်တို့၏ ကြီးကြပ်မှုဖြင့် မြေပြို သည့် နေရာတွင် ယာယီမျှောတုပ်ရိုက်ခြင်း၊ မြေကာနံရံ ပြုလုပ်ခြင်းနှင့် လမ်းသား ပဲ့ကျနေသော နေရာများတွင် ပြန်လည်ပြုပြင် တည်ဆောက်ခြင်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ယခုအခါ လုပ်ငန်းများ ပြီးစီးသွားပြီဖြစ်၍ ပြည်သူများအနေဖြင့် အန္တရာယ်ကင်းစွာ ဖြတ်သန်း သွားလာနိုင်ပြီဖြစ်ကြောင်း၊ အဆိုပါ ပြန်လည်ပြုပြင်ရေးလုပ်ငန်းကို ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပံ့ပိုး ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ ကြောင်း သိရပါသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)