စစ်ကိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) ဖြင့် စိုက်ပျိုးထားသည့် ဆင်းသုခ မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်အား စံကွက်ရိတ်သိမ်းပြုလုပ်

စစ်ကိုင်း နိုဝင်ဘာ ၁၉

စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပဲကတိုးကျေးရွာတွင် CERP ဖြင့် စိုက်ပျိုးထားသည့် တောင်သူ ဦးဇော်မင်း၏ ဆင်းသုခ မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်အား စံကွက်ရိတ်သိမ်း ခြင်းကို ယမန်နေ့၊ နေ့ပိုင်းက ပြလုပ်ဆောင်ခဲ့ကြကြောင်းသိရသည်။

" ကျွန်တော်တို့ဌာနအနေနဲ့ တဲကြီးမြို့မ နည်းပညာဆင့်ပွားရေးစင်တာ တာဝန်ခံများ၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူများ စုပေါင်း၍ ဆင်းသုခမိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်ကို စံကွက်ရိတ်သိမ်းခြင်း သရုပ်ပြဆောင်ရွက် ပေးတာပါ အခုလိုစံကွက်ရိတ်သိမ်းလိုက်တဲ့အခါမှာ တစ်ဧကအထွက်နှုန်း (၉၄.၃၁) တင်းထွက်ရှိတာကို တွေ့ရပါတယ် အဆင့်မီတဲ့မျိုးစေ့ထုတ်ဖြစ်ပါတယ်" ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးဇော်ဦးက ပြောပြ၍သိရသည်။

ဆက်လက်၍ အဆိုပါအဖွဲ့များသည် ဆင်တပ်ကျေးရွာရှိ ဆောင်းသီးနှံတိုင်ထောင်ပဲ ဆင်းဧကရီ (111)မျိုး စိုက်ခင်းများသို့ သွားရောက်ကွင်းဆင်းကာ တောင်သူများကို သီးနှံများအထွက်တိုးလာစေရန် အသီးအပွင့်အားတိုးဆေး၊ ယူရီးယား+လက်ချား ပြုလုပ်သုံးစွဲ နည်းနှင့် သဘာဝပိုးပြေးဆေး ပြုလုပ်သုံးစွဲရေး၊ ကုန်ကျစရိတ်သက်သာသော သဘာဝမြေဩဇာ ပြုလုပ်နည်းများ အကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေး ပေးခဲ့ကြကြောင်းသိရသည်။

ဇော်မြင့်နိုင်