မယ်စဲ့မြို့နယ် ပန်တိန်းကျေးရွာနှင့် ဟိုစဲ့ကျေးရွာတို့တွင် ဆဌမအကြိမ်မြောက် မြစိမ်းရောင် ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေး

မယ်စဲ့  နိုဝင်ဘာ ၁၉

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြစိမ်းရောင်ရန်ပုံငွေ ဆဌမအကြိမ်မြောက် ပြန်လည် ထုတ်ချေးခြင်းကို ယမန်နေ့ နေ့လည်က ပန်တိန်းကျေးရွာနှင့် ဟိုစဲကျေးရွာတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်စီမံကိန်းချေးငွေများ ပြန်လည်ထုတ်ချေးရာတွင် ဘောလခဲခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်လွင်က ကျေးလက်နေပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်စေရန်၊ ရန်ပုံငွေမှ ရရှိလာသည့် အတိုး ၅၀ ရာခိုင်နှုန်းကို ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင်  ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေ ပြည်သူများ စွမ်းဆောင်ရည် မြင့်တက်လာပြီး ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ရန်ပုံငွေများ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသန်းက ငွေချေးယူသူ အသင်းသားများ အနေဖြင့် စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက်များနှင့်အညီ ချေးငွေများကို မှန်ကန်အကျိုးရှိစွာ အသုံးချကြရန် မှာကြားဆွေးနွေးသည်။

ထို့နောက် မြို့နယ်ကော်မတီမှ ပန်တိန်းကျေးရွာမှ စိုက်ပျိုးရေးလုပ်ကိုင်သူ ၈၂ ဦး၊ မွေးမြူရေးလုပ်ကိုင်သူ ဦး၊ အရောင်းအဝယ်လုပ်ကိုင်သူ ၁၁ ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူ ဦး၊ စုစုပေါင်း ၉၈ ဦးအတွက် ချေးငွေကျပ် ၄၈၂,၀၀၀၀၀ နှင့် ဟိုစဲ့ကျေးရွာမှ စိုက်ပျိုးရေးလုပ်ကိုင်သူ ၈၂ ဦး၊ မွေးမြူရေးလုပ်ကိုင်သူ ၉၂ ဦး၊ အရောင်းအဝယ်လုပ်ကိုင်သူ ၃၀ ဦး၊ စုစုပေါင်း ၂၀၄ ဦးအတွက် ချေးငွေကျပ် ၄၆၃,၀၀၀၀၀ ကို ကျေးရွာကော်မတီထံ လွှဲပြောင်းပေးအပ်ရာ ကျေးရွာကော်မတီမှ ငွေချေးယူသူ အသင်းသားများ လက်ဝယ်သို့ ဆဌမအကြိမ်မြောက် ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)