ခင်ဦးမြို့၌ နေအိမ်ပြင်ပသွားလာရာတွင် ပါးစပ်၊ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းမရှိသူ (၇၉) ဦးအား ငွေဒဏ်များချမှတ်

ခင်ဦး  နိုဝင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၌ နေအိမ်ပြင်ပသွားလာရာတွင် ပါးစပ်၊ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း မရှိသူများအား လမ်းဆုံနေရာ၊ မြို့အဝင်၊ အထွက် စစ်ဆေးရေးဂိတ်များတွင် နိုဝင်ဘာလ ၁၉ ရက် နံနက် ၇ နာရီက ရှောင်တခင်စစ်ဆေး ခဲ့သည်။

စစ်ဆေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အများပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် အပြင်ထွက်လျှင် ပါးစပ်၊ နှာခေါင်းစည်း(Mask) တပ်ဆင်ရန် ညွှန်ကြားချက်အား လိုက်နာခြင်းရှိ၊ မရှိကို မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးချိုလင်းအောင်၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးမှူး ဒေါက်တာစန်းယုကို၊ ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင် သာယာရေးအဖွဲ့၊ မြို့မိ၊ မြို့ဖများ၊ လူမှုရေးအသင်း တို့ ပါဝင်သော စုပေါင်းအဖွဲ့က ရှောင်တခင်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် နေအိမ်ပြင်ပသွားလာရာတွင် ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း မရှိသူ စုစုပေါင်း (၇၉) ဦးကို မြို့နယ်တရားရုံးသို့ တရားစွဲ ဆိုခဲ့ရာ တစ်ဦးလျှင် ဒဏ်ငွေကျပ် (၁၅၀) စီ ချမှတ်ခဲ့ကြောင်း သိရသည်။

စိုးဝေအောင်(ခင်ဦး)